ထိုင်ဝမ်သမ္မတ၏ လက်ထောက်ဟောင်းကို တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ်ချ

ထိုင်ဝမ်သမ္မတ၏ လက်ထောက်ဟောင်းကို တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ်ချ

Price:

Description

ဓာတ်ပုံ – တရုတ်၏သူလျှိုလုပ်မှုများက မကြာသေးသော နှစ်များအတွင်း ပို၍ ပြင်းထန်လာသည်ဟု ထိုင်ဝမ်က ဆိုသည်။

BBC

ထိုင်ဝမ်သမ္မတ၏ လက်ထောက်ဟောင်းတဦးနှင့် အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က ငှါးရမ်းတာဝန်ပေးခဲ့သော အခြားသူ သုံးဦးတို့ကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုဖြင့် ထိုင်ဝမ်တရားရုံးတရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်စီရင်ချက်ချလိုက်သည်။

ဓာတ်ပုံ – တရုတ်၏သူလျှိုလုပ်မှုများက မကြာသေးသော နှစ်များအတွင်း ပို၍ ပြင်းထန်လာသည်ဟု ထိုင်ဝမ်က ဆိုသည်။

ထိုသူတို့အနက် တဦးမှာ လက်ရှိ၌ အမျိုးသားလုံခြုံရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျိုးဇက်ဝူ၏ ရုံးတွင် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၎င်းတို့အား နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် ထောင်ဒဏ် လေးနှစ်မှ ၁၀ နှစ်အထိ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ “အချိန်ကာလအတော်ကြာ” သူလျှိုလုပ်ခဲ့ပြီး “အရေးကြီးသော သံတမန် သတင်းများ” ဖြန့်ဝေခဲ့သည်ဟု စီရင်ချက်၌ ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သော ထိုင်ဝမ်ကို တရုတ်က ၎င်းပိုင်အဖြစ် ကြေညာထားပြီး တဖက်နှင့် တဖက်သည် ဆယ်စုနှစ်များစွာ အပြန်အလှန် သူလျှိုလုပ်လာခဲ့ကြသည်။ သို့သော် တရုတ်၏သူလျှိုလုပ်မှုများက မကြာသေးသော နှစ်များအတွင်း ပို၍ ပြင်းထန်လာသည်ဟု ထိုင်ဝမ်က ဆိုသည်။

ကြာသပတေးနေ့က ပြစ်ဒဏ်ချမှတ်ခံရသူ လေးဦးအနက် ထိုင်ပေကောင်စီဝင်တဦး၏ လက်ထောက်ဟောင်း ဟွမ်ချူကျွမ်းက အကြာဆုံး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်။ အစိုးရရှေ့နေများက ကနဦး၌ ၁၈ နှစ်အထိ ထောင်ဒဏ်များ ချမှတ်ရန် လျှောက်လဲခဲ့ကြသည်။

၎င်းတို့ လေးဦးစလုံးသည် DPP ပါတီမှ ထုတ်ပယ်ခံရပြီး တလအကြာ ဇွန်လ၌ တရားစွဲဆိုခံရခြင်း ဖြစ်သည်။

တရားရုံးအဆိုအရ ဟွမ်ချူကျွမ်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းတဦးအား ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဝူထံမှ သတင်းအချက်အလက်များ ရယူရန် စေခိုင်းခဲ့သည်ဟု သိရသည်။ ထိုနောက် အဆိုပါ သတင်းအချက်အလက်များကို အစီရင်ခံစာများ ရေးသား၍ စာဝှက်ဆော့ဖ်ဝဲလ်ဖြင့် တရုတ်ကွန်မြူနစ်ပါတီထောက်လှမ်းရေးများထံ ပေးပို့ခဲ့သည်။

အဆိုပါ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ဟိုကျန်ချီကို ထောင်ဒဏ်ရှစ်နှစ်နှင့် နှစ်လ ချမှတ်ခဲ့သည်။

ဟွမ်ချူကျွမ်းသည် နောက်ထပ်သတင်းအချက်အလက်များ ရယူရန် ယခင် DPP ဝန်ထမ်း ချူးရှီယွမ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုလည်း စွဲဆိုခံရသည်။ ချူးရှီယွမ်က လက်ရှိသမ္မတ လိုင်ချင်းထယ်၏ လက်ထောက်အကူ ဝူရှန်းယူထံမှ သတင်းအချက်အလက်များ ရယူခဲ့သည်ဟု တရားရုံးကြားနာမှုအရ သိရသည်။

ဝူရှန်းယူသည် လိုင်ချင်းထယ် ဒုတိယသမ္မတဖြစ်စဉ်က လက်ထောက်အကူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ တွင် လိုင်ချင်းထယ် သမ္မတဖြစ်လာချိန်တွင်လည်း လက်ထောက်အကူအဖြစ် ခဏတာ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတ လိုင်ချင်းထယ် ခရီးသွားချိန်များတွင် ခရီးစဉ်အသေးစိတ်ကို ဝူရှန်းယူက ချူးရှီယွမ်အား ပေးပို့ခဲ့သည်ဟု စွဲဆိုခံရသည်။

တရားရုံးအဆိုအရ ဟွမ်ချူကျွမ်းသည် တရုတ်အစိုးရထံမှ ထိုင်ဝမ်ဒေါ်လာ ငါးသန်းနီးပါး (အမေရိကန်ဒေါ်လာ ၁၆၃,၁၇၂ ဒေါ်လာ) ရရှိခဲ့ပြီး ချူးရှီယွမ်က ထိုင်ဝမ်ဒေါ်လာ နှစ်သန်းကျော် ရရှိခဲ့သည်ဟု သိရသည်။

“သူတို့ သူလျှိုလုပ်ခဲ့တဲ့ သတင်းအချက်အလက်တွေဟာ အရေးကြီး သံတမန်ရေးရာသတင်းအချက်အလက်တွေ ပါဝင်တယ်၊ နိုင်ငံရဲ့ ခက်ခဲတဲ့ သံတမန်ရေး အခြေအနေကို ပိုမိုဆိုးရွားစေတယ်” ဟု တရားရုံးက ကြာသပတေးနေ့တွင် ပြောခဲ့သည်။

BBC မှ Taiwan convicts ex-presidential aide of spying for China ကို မိုးသဲ ဘာသာပြန်သည်။

0 Reviews